MyanWA

“လူငယ်ရေပညာရှင်များလေ့ကျင့်ပျိုးထောင်ရေးအစီအစဉ်မှသည် မြန်မာ့ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာသိပ္ပံ ဆီသို့”

          လူငယ်ရေပညာရှင်များလေ့ကျင့်ပျိုးထောင်ရေးအစီအစဉ်(YWP Program) သည် အမျိုးသား ရေအရင်းအမြစ်ကော်မတီ (NWRC) ၏ လုပ်ငန်းစဉ်များတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည့် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်တစ်ရပ်ဖြစ်သည်။ အမျိုးသား ရေအရင်းအမြစ်ကော်မတီသည် မြန်မာ့ရေကဏ္ဍ၏  အမြင့်ဆုံးအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ဥက္ကဌမှာ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၂) ဖြစ်သည်။ NWRC တွင် အတွင်းရေးမှူးရုံးအဖွဲ့၊ အကြံပေးအဖွဲ့ (AG) နှင့် ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှုဗဟိုဌာန (HIC) ဟူ၍ အဓိက မဏ္ဍိုင်ကြီးသုံးခုရှိပါသည်။ NWRC နှင့် AG တို့သည် အရည်အချင်းရှိ၍ ငယ်ရွယ်သော ရေပညာရှင်များကို စဉ်ဆက်မပျက် မွေးထုတ်ရန် ၎င်းတို့၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော HIC မှတစ်ဆင့် ရေရှည်စီမံကိန်းများချမှတ်၍ လုပ်ဆောင်လျက်ရှိသည်။  NWRC ၏ ရည်မှန်းချက်မှာ  ၂၀၃၀ ပြည့်နှစ်တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ ပြည့်မီရန်အတွက် နိုင်ငံတော်၏ ရေရှည်ရေဖူလုံရေးနှင့် တည်တံ့ခိုင်မြဲရေးအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ဖြစ်သည်။ နိုင်ငံအတွင်းရှိ ရေအရင်းအမြစ်များအား စီမံခန့်ခွဲခြင်းတို့ကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် လူငယ်ရေပညာရှင်များအား ဘက်ပေါင်းစုံမှ ဖြည့်ဆည်းပေးရေးသည် လွန်စွာ အရေးကြီး လှပေသည်။

          လူငယ်ရေပညာရှင်များလေ့ကျင့်ပျိုးထောင်ရေးအစီအစဉ်ကို  လူ့အဖွဲ့အစည်းများအကြားတွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် ရည်ရွယ်ချက်များအတွက် တက်သစ်စလူငယ်များ၊ ရေနှင့်ဆက်နွှယ်သောဝန်ကြီးဌာန အသီးသီးမှ အရာရှိများနှင့်တကွ လက်တွဲ၍ အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။  ၎င်းအစီအစဉ် သည် (၁၁) လကြာ စီမံကိန်းဖြစ်ပြီး၊ ရေနှင့်ဆက်နွှယ်သောဝန်ကြီးဌာန အသီးသီးမှ အစိုးရဝန်ထမ်းများနှင့် ရေပညာရှင်ဖြစ်ရန် ရည်မှန်းချက်ရှိသော ဘွဲ့ရလူငယ်များ တက်ရောက်ကြသည်။ ၎င်းတို့သည်  ဧရာဝတီမြစ်ဝှမ်း ဘက်စုံ စီမံခန့်ခွဲမှုစီမံကိန်း (AIRBM) မှတစ်ဆင့်  အလုပ်ခွင်သင်တန်းများနှင့် အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာ ပညာရပ်များကို ရရှိနိုင်ကြမည် ဖြစ်ပါသည်။

          လူငယ်ရေပညာရှင် သင်တန်းသားများအနေဖြင့် အဆင့်မြင့်နည်းပညာများ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ရေနှင့်ဆက်နွှ​ယ်သော စီမံကိန်းများအတွက် ဆုံးဖြတ်ချက်ချသည့် ကဏ္ဍများတွင် လမ်းညွှန်ပေးခြင်း၊ နည်းပြပေးခြင်းနှင့် လေ့ကျင့်ပေးခြင်းများကိုလည်း ခံယူရရှိနိုင် ကြမည်ဖြစ်ပါသည်။ YWP သင်တန်းသားများကို မြန်မာနိုင်ငံတစ်ဝန်းမှ ရွေးချယ်စုဆောင်းပြီး သင်တန်းများတွင် ပြည်တွင်းပြည်ပ ဟောပြောပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် ကွင်းဆင်းလေ့လာမှုများ ပါဝင်ပါသည်။ သင်တန်းပို့ချသူများမှာလည်း နိုင်ငံတွင်းမှ ဝါရင့်ရေပညာရှင်များအပြင် နိုင်ငံတကာမှ ထင်ရှားသော ရေပညာရှင်များ ပါဝင်ပါသည်။ ထို့ပြင့် အတွေ့အကြုံအရှိဆုံး ရေပညာရှင်များဖြစ်သော အမျိုးသား ရေအရင်းအမြစ်ကော်မတီ၏ အကြံပေးအဖွဲ့ဝင်များသည်လည်း YWP သင်တန်းသားများကို သင်ကြားပို့ချပေးသည်။

          အမျိုးသားရေမူဝါဒနှင့်ရေဥပဒေကို အကောင်အထည်ဖော်ရန်မှာ အလွန်အရေးကြီးသည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည်။ ထိုရည်မှန်းချက်ကိုအောင်မြင်ရန် ဆောင်ရွက်ရာ၌ လူငယ်ရေပညာရှင်များ လေ့ကျင့်ပျိုးထောင်ရေး အစီအစဉ်သည်လည်း နည်းလမ်းတစ်ရပ် ဖြစ်သည်။

          HIC သည် သြစတြေးလျအစိုးရ (the Australian Water Partnership မှတဆင့်) နှင့် နယ်သာလန်အစိုးရတို့မှ ထောက်ပံ့သော လူငယ်ရေပညာရှင်များ လေ့ကျင့်ပျိုးထောင်ရေး အစီအစဉ်အတွက် လုပ်ငန်းစဉ်များချောမွေ့စွာ လည်ပတ်နိုင်စေရန် တာဝန်ယူဆောင်ရွက်ပေး လျက်ရှိသည်။ Water Aid Myanmar မှလည်း လူငယ်ရေပညာရှင်များလေ့ကျင့်ပျိုးထောင်ရေး အစီအစဉ်၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ကြီးကြပ်ပေးလျက်ရှိသည်။

ရည်ရွယ်ချက်

(၁) ရေအသုံးချမှုနှင့် သက်ဆိုင်သောနည်းပညာများကို လေ့လာရန်၊ အခြား စွမ်းဆောင်နိုင်မှု စွမ်းရည်များ တိုးတက်လာစေရန်၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှု စွမ်းရည်များ မြင့်တက်လာစေရန်၊ မိမိကိုယ်ကို စည်းကမ်းထိန်းသိမ်းတတ်ခြင်းနှင့် အဖွဲ့လိုက် အလုပ်များအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လေ့လာရန်။

(၂) နိုင်ငံတွင်းနှင့် နိုင်ငံတကာတို့၏ လက်ရှိသတင်းများ၊ အခြေအနေများ၊ ဖြစ်ပေါ် တိုးတက်မှုများ၊ အကျပ်အတည်းများနှင့် ပေါင်းစည်းမှုများကို နားလည်နိုင်ရန်အတွက် အစည်းအဝေးများ၊ ဟောပြောပွဲများနှင့် အကြံပြုဆွေးနွေးပွဲများတွင် တက်ရောက် ပါဝင်ရန်။

(၃) ပြည်တွင်းပြည်ပနည်းပညာသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာ ကျွမ်းကျင်သူများမှ စီစဉ်သည့် သင်တန်းများကိုတက်ရောက်ရန်၊ သင်ခန်းစာများကို သင်ယူရန်၊ ဆွေးနွေးမှုများပြုလုပ်ရန် နှင့် လေ့ကျင့်ခန်း အားလုံးကိုပြန်လည်လေ့ကျင့်ရန်။

လူငယ်ရေပညာရှင်များ လေ့ကျင့်ပျိုးထောင်ရေးအစီအစဉ်ဆိုင်ရာသတင်းအချက်အလက်

၁။ ပထမအကြိမ် (၂၀၁၅ ခုနှစ် ဧပြီလ ၆ ရက်နေ့ မှ ဒီဇင်ဘာ ၂၄ ရက်နေ့ အထိ)

၂။ ဒုတိယအကြိမ် (၂၀၁၆ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ မှ ၂၀၁၇ ခုနှစ် မေလ ၃၁ ရက်နေ့ အထိ)

၃။ တတိယအကြိမ် (၂၀၁၇ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ မှ ၂၀၁၈ ခုနှစ် မေလ ၃၁ ရက် အထိ)

၄။ စတုတ္ထအကြိမ် (၂၀၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ မှ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့ အထိ)

၅။ ပဉ္စမအကြိမ် (၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် မေလ ၃၁ ရက်နေ့ အထိ)

၆။ ဆဌမအကြိမ် (၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့ အထိ)

၂၀၁၅ မှစ၍ လက်ရှိအချိန်အထိ လူငယ်ရေပညာရှင် စုစုပေါင်း (၁၀၀) ဦးခန့် ကို မွေးထုတ်လေ့ကျင့်ပေးခဲ့ပြီး ဖြစ်ပါသည်။

လူငယ်ရေပညာရှင်များ၏ဆောင်ရွက်လှုပ်ရှားမှုများ

Drone Training

လေ့လာရေးခရီးစဉ် (ပြည်တွင်း)

အစိုးရအရာရှိများနှင့်အတွေ့အကြုံမျှဝေခြင်းနှင့်ဆွေးနွေးခြင်း

ပြည်တွင်းနှင့်နိုင်ငံတကာအခမ်းအနားများတွင်ပါ၀င်ခြင်း

ရန်ကုန်မြို့၌ကျင်းပသော တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံတွင် စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ခြင်း

၂၀၁၈ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ရေနေ့အခမ်းအနားသို့တက်ရောက်စဉ်

၂၀၁၉ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ရေနေ့အခမ်းအနားသို့ တက်ရောက်စဉ်

အခမ်းအနားကျင်းပပုံ လုပ်ငန်းစဉ်များကို သိရှိနားလည်စေရန်အတွက် ရေနှင့်သက်ဆိုင်သူများ ပါဝင်သည့် ရေဖိုရမ်များသို့ တက်ရောက်လေ့လာခြင်း