HIC

“ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန
(Hydro-Informatics Centre - HIC)”

          ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) ကို မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးတို့အတွက် အနာဂတ်ဆုံးဖြတ်ချက် အထောက်အကူပြုယန္တရားအဖြစ် လည်ပတ်နိုင်ရန် အမျိုးသားရေအရင်းအမြစ်ကော်မတီ (NWRC) ၏ လမ်းညွှန်မှုဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှုဗဟိုဌာန (HIC) သည် ယခုအခါတွင် အမျိုးသား ရေအရင်းအမြစ်ကော်မတီ (NWRC) ၏ မဏ္ဍိုင်သုံးခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အမျိုးသားရေအရင်းအမြစ်ကော်မတီအပြင် ဆုံးဖြတ်ချက် အထောက်အကူပြုစနစ်ကို အသုံးပြုသော အစိုးရဌာနများနှင့် အခြားသော အဖွဲ့အစည်းများအတွက် ရေဆိုင်ရာ အသိပညာများ သိုမှီးရာနှင့် လုပ်ငန်းလည်ပတ်ရာ နေရာဌာန တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု ရရှိနိုင်ရန်အတွက် မူဝါဒအသစ်များရေးဆွဲခြင်း၊ ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှု (IWRM) စီမံကိန်းများ၊ ဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာ ခြင်းများ နှင့် ကဏ္ဍအလိုက်စီမံကိန်းများကို အကဲဖြတ်ချင့်တွက်ခြင်းများ၊ အငြင်းပွားမှုများကို ဖြေရှင်းသည့် နည်းလမ်းများ စသည်တို့ကို အထောက်အကူပြုရန် အခြေခံ အချက်အလက် များမှတစ်ဆင့် တန်ဖိုးရှိသော သတင်းများ ထုတ်ပြန်ပေးနိုင်သော အကြံပေးဝန်ဆောင်မှု စနစ်အဖြစ်ပါ တိုးတက်ဖွံ့ဖြိုးလာနေပြီဖြစ်ပါသည်။ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်း (AIRBM Project) ၏ ကဏ္ဍ (၁) ဒါရိုက်တာ (အမျိုးသားရေအရင်းအမြစ် ကော်မတီ၊ အကြံပေးအဖွဲ့ (AG) ၏ အတွင်းရေးမှူး)  ဦးဆောင်သော ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) သည် NWRC နှင့် ၎င်း၏ အကြံပေးအဖွဲ့တို့၏ လမ်းညွှန်မှုအောက်တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းအင်အားမှာ (၂၂) ယောက်ရှိပါသည်။  ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) သည် အမျိုးသားရေအရင်းအမြစ် ကော်မတီ (NWRC) ၏ ဆုံးဖြတ်ချက်အထောက်အကူပြုစနစ် နှင့် ရေဆိုင်ရာ ဆောင်ရွက်မှု ဗဟိုဌာန ဖြစ်လာပါမည်။ ထို့ပြင် ၎င်းသည် NWRC ၊ မြန်မာနိုင်ငံ အစိုးရ၊ တက္ကသိုလ်များ၊ သုတေသန ဌာနများ၊ အခြားအဖွဲ့အစည်းများနှင့် လုပ်ငန်းအပ်နှံသူ များအတွက် သုတေသန အခြေပြု၊ အမြတ်အစွန်းမယူသည့် ကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် လည်ပတ်သောဌာနတစ်ခုလည်း ဖြစ်မည်ဖြစ်ပါသည်။

အမျိုးသားရေအရင်းအမြစ်ကော်မတီ (NWRC) နှင့် ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) ၏ နောက်ခံသမိုင်း

(၁) ၁၉၉၁ ခုနှစ် – ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်သည် IHE ၊ Delft တွင် စတင်ထွန်းကားခဲ့သည်။

(၂) ၁၉၉၄ ခုနှစ်၊ မေလ (၃၀) ရက် – နယ်သာလန်နိုင်ငံရှိ IHE ၊ Delft မှ ပထမဆုံးအကြိမ် ချီးမြှင့်ပေးအပ်သော ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ ဒေါက်တာဘွဲ့ကို မြန်မာကျောင်းသူတစ်ဦးမှ ရရှိခဲ့သည်။

(၃) ၁၉၉၅ ခုနှစ်၊ မေလ (၁၅) ရက် – နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ်မြို့ရှိ ISS တွင် မြန်မာနိုင်ငံ၏ ရေကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာ ညီလာခံ ကျင်းပခဲ့သည်။

(၄) ၁၉၉၇ ခုနှစ် – မြန်မာ့ရေနှင့် သဘာဝပတ်ဝန်းကျင်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကာကွယ်မှုနှင့်ပတ်သက်သော ညီလာခံ ဘန်ကောက်တွင် ကျင်းပ ခဲ့သည်။

(၅) ၂၀၀၀ ပြည့်နှစ် – ကမ္ဘာ့ရေမိတ်ဖက် အဖွဲ့အစည်း (Global Water Partnership) နှင့် ချိတ်ဆက်ခဲ့သည်။

(၆) ၂၀၀၁ ခုနှစ် – မြန်မာနိုင်ငံတွင် ရေနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင် ပြုလုပ်ဖန်တီးခဲ့သည်။

(၇) ၂၀၀၂ ခုနှစ် – မြန်မာနိုင်ငံတွင် မြန်မာ့ရေမိတ်ဖက်အဖွဲ့အစည်း (Myanmar Water Partnership) ဆိုင်ရာ ဆောင်ရွက်ချက်များ စတင်ခဲ့သည်။

(၈) ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ – မြန်မာ့ရေမိတ်ဖက်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ စွမ်းဆောင်ရည်မြှင့်တင်ခြင်းများ ပြုလုပ်ခဲ့သည်။

(၉) ၂၀၁၁ ခုနှစ် -၂၀၁၂ ခုနှစ် – အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သည်။

(၁၀) ၂၀၁၂ ခုနှစ် – နိုင်ငံတော် သမ္မတမှ ရေအရင်းအမြစ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမြဲတမ်းကော်မတီ (SWRDSC) ကို အကောင်အထည်ဖော် ဖွဲ့စည်းခဲ့သည်။

(၁၁) ၂၀၁၂ ခုနှစ် – ၂၀၁၃ ခုနှစ် – SWRDSC မှ NWRC သို့ ပြောင်းလဲခဲ့သည် – အမျိုးသားရေအရင်းအမြစ်ကော်မတီ (NWRC) ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။

(၁၂) ၂၀၁၉ ခုနှစ် – အမျိုးသားရေအရင်းအမြစ်ကော်မတီ ဥပဒေ (မူကြမ်း) ကို ရေးဆွဲခဲ့ပြီး ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) မှ ရေဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုဗဟိုဌာန နှင့် ဆုံးဖြတ်ချက် အထောက်အကူပြုစနစ် ရုံးအဖွဲ့အဖြစ် ပါဝင်ခဲ့သည်။

(၁၃) ၂၀၂၀ ပြည့်နှစ် – အမျိုးသားရေအရင်းအမြစ်ကော်မတီ ဥပဒေ (မူကြမ်း) ထွက်ရှိ ခဲ့သည်။

၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) ၏ တည်နေရာများ

(၁) ၂၀၁၄ ခုနှစ် – ၂၀၁၅ ခုနှစ် – ရန်ကုန်နည်းပညာ တက္ကသိုလ် (YTU)

(၂) ၂၀၁၅ ခုနှစ် – ရန်ကုန်နည်းပညာတက္ကသိုလ် အဆောက်အအုံဝင်းအတွင်းရှိ ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန၌ ဖွင့်လှစ်သော လူငယ်ရေပညာရှင် များ လေ့ကျင့်ပျိုးထောင်ရေး (YWP) အစီအစဉ် အပတ်စဉ် (၁)

(၃) ၂၀၁၆ ခုနှစ် – ဧရာဝတီမြစ်ဝှမ်းဘက်စုံစီမံခန့်ခွဲမှု (AIRBM) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (DWIR) ရုံးဝင်းအတွင်းရှိ ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန၌ ဖွင့်လှစ်သော လူငယ်ရေပညာရှင်များ လေ့ကျင့်ပျိုးထောင်ရေး (YWP) အစီအစဉ် အပတ်စဉ် (၂)

(၄) ၂၀၁၇ ခုနှစ် – ဧရာဝတီမြစ်ဝှမ်းဘက်စုံစီမံခန့်ခွဲမှု (AIRBM) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (DWIR) ရုံးဝင်းအတွင်းရှိ ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန၌ ဖွင့်လှစ်သော လူငယ်ရေပညာရှင်များ လေ့ကျင့်ပျိုးထောင်ရေး (YWP) အစီအစဉ် အပတ်စဉ် (၃)

(၅) ၂၀၁၈ ခုနှစ် – အမှတ် (၁၃၈၊ ဒီ) ၊ (၇) လွှာ၊ (၈) လွှာ၊ Park Lane ကွန်ဒို၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရှိသော အမျိုးသားရေအရင်းအမြစ် ကော်မတီ ရုံးချုပ် (NWRC HQ) / ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) ၏ ယာယီရုံးခွဲ၌ ဖွင့်လှစ်သော လူငယ်ရေပညာရှင်များ လေ့ကျင့်ပျိုးထောင်ရေး (YWP) အစီအစဉ် အပတ်စဉ် (၄)

(၆) ၂၀၁၉ ခုနှစ် – အမှတ် (၁၃၈၊ ဒီ) ၊ (၇) လွှာ၊ (၈) လွှာ၊ Park Lane ကွန်ဒို၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရှိသော အမျိုးသားရေအရင်းအမြစ် ကော်မတီ ရုံးချုပ် (NWRC HQ) / ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) ၏ ယာယီရုံးခွဲ၌ ဖွင့်လှစ်သော လူငယ်ရေပညာရှင်များ လေ့ကျင့်ပျိုးထောင်ရေး (YWP) အစီအစဉ် အပတ်စဉ် (၅)

(၇) ၂၀၂၀ ခုနှစ် – ဧရာဝတီမြစ်ဝှမ်းဘက်စုံစီမံခန့်ခွဲမှု (AIRBM) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (DWIR) ရုံးဝင်းအတွင်းရှိ ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန၌ ဖွင့်လှစ်သော လူငယ်ရေပညာရှင်များ လေ့ကျင့်ပျိုးထောင်ရေး (YWP) အစီအစဉ် အပတ်စဉ် (၆)

          ဧရာဝတီမြစ်ဝှမ်းဘက်စုံစီမံခန့်ခွဲမှု (AIRBM) စီမံကိန်းသည် အမျိုးသားရေအရင်းအမြစ် ကော်မတီ ရုံးချုပ် (NWRC HQ) / ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) ရုံး အတွက် အဆောက်အဦအသစ်ကို ငွေကြေးအကုန်အကျခံ တည်ဆောက်လျက်ရှိသည်။ ၎င်းရုံးအဆောက်အဦသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၈) မိုင်တွင် တည်ရှိပါသည်။ AIRBM စီမံကိန်းသည် ဧရာဝတီ ဆုံးဖြတ်ချက်အထောက်အကူပြုစနစ် (DSS) ၊ မြစ်ဝှမ်းမဟာစီမံချက် (BMP) ၊ ကမ္ဘာ့ရေနေ့ အခမ်းအနားနှင့် ပတ်သက်သော အသေးစိတ် အစီရင်ခံစာ၊ သုတေသနအမျိုးမျိုးနှင့် စီးပွားဖြစ်လုပ်ဆောင်ချက်များ၊ သင်ကြားရေး အထောက်အကူများ စသည်တို့ပါဝင်သော ရေအရင်းအမြစ် နှင့် ရေဘက်စုံစီမံခန့်ခွဲမှု “အကျိုးရလဒ်များ” (Products) ကို ဦးစားပေးဆောင်ရွက်နိုင်ရန် HIC ၏ စွမ်းဆောင်ရည်ကို မြှင့်တင်သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ထောက်ပံ့ပေးလျက်ရှိသည်။

          နေရာဒေသနှင့် သက်ဆိုင်သော သို့မဟုတ် မသက်ဆိုင်သော အချက်အလက် သိုမှီးမှုစနစ်၊ မြေပြင်တည်နေရာသတင်းအချက်အလက်စနစ်၊ အဝေးမှ အာရုံခံ စူးစမ်း လေ့လာသည့် နည်းပညာ (Remote Sensing Technology)၊ ဆက်သွယ်ရေးစနစ်၊ ဇလဗေဒ၊ ရေစီးဆင်းမှု၊ နုန်းအနည်အနှစ် ပို့ချသယ်ဆောင်မှုနှင့် ရေအရည်အသွေး စသည်တို့ကို လေ့လာသည့် ကွန်ပျူတာမော်ဒယ်လ်များနှင့် ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာ  ရေးသားခြင်းတို့ဆိုင်ရာ လုပ်ဆောင်နိုင်သည့် နည်းပညာများ စသည်တို့ပါဝင်သော လက်တွေ့အသုံးဝင်သည့် ခေတ်မီ ဆုံးဖြတ်ချက် အထောက်အကူပြုစနစ်သည် HIC ၏ အဓိက ဝန်ဆောင်မှု (Product) ဖြစ်ပြီး အသုံးပြုလိုအား များပြားလျက်ရှိသည်။

          ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) သည် ရေနှင့် သက်ဆိုင်သူများ အနေဖြင့် သတင်းအချက်အလက်များကို လွယ်ကူစွာလေ့လာနိုင်ရန် အသုံးပြုရလွယ်ကူသော မြေပုံများ၊ ပုံဖော်လုပ်ဆောင်နိုင်သည့် ကိရိယာများ ပါဝင်သည့် ထိရောက်မှုရှိသော အင်တာနက်စာမျက်နှာတစ်ခုကို ထုတ်လွှင့်ထားသည်။ အဆိုပါ အင်တာနက်စာမျက်နှာသည် www.myanmarofficialwaterportal.gov.mm  ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ရေနေ့မှစ၍ အွန်လိုင်းတွင် လွှင့်တင်ထားသည်။

ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) ၏ မျှော်မှန်းချက် (Vision)

(၁) မြန်မာနိုင်ငံတွင် ရေကို အခြေပြုသော စီးပွားရေး နှင့် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုအား မြှင့်တင်နိုင်သော ထိရောက်မှုရှိပြီး ကောင်းစွာ ဆောင်ရွက် နိုင်သော ရေစီမံခန့်ခွဲမှု ဗဟိုဌာန တစ်ခုဖြစ်ရန်

ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) ၏ ရည်မှန်းချက်တာဝန်များ (Mission)

(၁) ဆန်းစစ်လေ့လာခြင်း၊ ပုံစံတူပြုလုပ်လေ့လာခြင်း၊ ကွန်ပျူတာ မော်ဒယ်လ်များ ပြုလုပ်ခြင်း၊ ဆုံးဖြတ်ချက်အထောက်အကူပြုစနစ်၊ အကြံဉာဏ်များ မျှဝေသည့်စနစ်၊ သုတေသနများ၊ ဆန်းသစ်တီထွင်ပြောင်းလဲမှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများ စသည့် အဆင့်မြင့် ဝန်ဆောင်မှုများဖြင့် အမျိုးသားရေအရင်းအမြစ်ကော်မတီအား ထောက်ပံ့ရန်။

(၂) သိပ္ပံပညာနှင့် သက်သေအခြေပြု သုတေသန လုပ်ငန်းများအပြင် စာတမ်း ထုတ်ပြန်ခြင်းများအတွက် အမျိုးသားရေအရင်းအမြစ်ကော်မတီ၏ အကြံပေးအဖွဲ့ကို ထောက်ပံ့ကူညီရန်။

(၃) ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုစနစ်ကို အခြေခံပြီး ရေရှည်တည်တံ့သော ရေအရင်းအမြစ်တို့ဖြင့် ထိရောက်စွာ ရေသုံးစွဲနိုင်သော တိုင်းပြည်အဖြစ် တည်ဆောက်ရာ၌ အမျိုးသားရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်းများကို ထောက်ပံ့ကူညီရန်။

ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) ၏ အဓိက လုပ်ဆောင်ချက်များ

(၁) ဆုံးဖြတ်ချက်အထောက်အကူပြုစနစ် (DSS) သည် မြန်မာပြည်သူများအတွက် ဘက်စုံသုံး နည်းကိရိယာအနေဖြင့် ဝန်ဆောင်မှုပေးခြင်း။

(၂) ဧရာဝတီမြစ်ဝှမ်းမဟာစီမံချက်သည် လက်ရှိဖြစ်ပေါ်နေသော ရေဆိုင်ရာ ကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို အနှစ်ချုပ်ဖော်ပြပြီး အနာဂတ်ရေလိုအပ်ချက်များ၊ ရေဘေးအန္တရာယ်များနှင့် အခွင့်အလမ်းများကို ဖော်ပြပေးခြင်း။

(၃) အကြံပေးဝန်ဆောင်မှုစနစ်နှင့် WISDM database ကို တည်ထောင်ခြင်း။

(၄) ရေဆိုင်ရာ အသိပညာများနှင့် ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှုဆိုင်ရာ သုတေသနများကို ထုတ်ပြန်ကြေငြာခြင်း။

မြန်မာ့ရေကဏ္ဍတွင် ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) ၏ အခန်းကဏ္ဍ

(၁) အမျိုးသားရေအရင်းအမြစ်ကော်မတီ၏ ရေဆိုင်ရာ ဆောင်ရွက်မှု ဗဟိုဌာန

(၂) ရေကဏ္ဍဆိုင်ရာ အကြံပေးဝန်ဆောင်မှုစနစ် ပေးအပ်ခြင်း

(၃) လုပ်ငန်းအပ်နှံသူများ (အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍ၊ ဌာနအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ သုတေသနအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း) အတွက် ဆုံးဖြတ်ချက် အထောက်အကူပြုစနစ်

(၄) ရေဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး ဗဟိုဌာန

(၅) ရေဆိုင်ရာ အသိပညာများ သိုမှီးရာ (လုပ်ငန်းလည်ပတ်ရာ နေရာဌာန)

(၆) အရင်းအမြစ် အခြေခံအုတ်မြစ်

(၇) လူထုအကျိုးအတွက် အစိုးရ၏ အဓိက စီမံကိန်းများအကောင်အထည်ဖော်မှုအတွက် ယုံကြည်စိတ်ချရသော ပလက်ဖောင်း တစ်ခု၊ ကိုယ့်အားကိုယ်ကိုးသော အသိပညာ အဖွဲ့အစည်း

          ၂၀၁၆ ခုနှစ်မှ စတင်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှ အမျိုးသားရေအရင်းအမြစ် ကော်မတီ (NWRC) ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြို့တော်ဝန်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ရေနှင့် အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ အပါအဝင် အမျိုးသားရေအရင်းအမြစ် ကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့ ပါဝင်ပါသည်။ NWRC ၏ အတွင်းရေးမှူးအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC) ၏ ဒုတိယဝန်ကြီးမှ ဆောင်ရွက်ပြီး တွဲဖက် အတွင်းရေးမှူးအဖြစ် MOTC လက်အောက်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DWIR) ၏ ညွှန်ကြားရေးမှူးချုပ်မှ ဆောင်ရွက်သည်။

အမျိုးသားရေအရင်းအမြစ်ကော်မတီ (NWRC) ၏ မဏ္ဍိုင်သုံးရပ်မှာ –

(၁) အမျိုးသားရေအရင်းအမြစ်ကော်မတီ အတွင်းရေးမှူးရုံး (NWRC Secretariat)

(၂) အကြံပေးအဖွဲ့ (AG)

(၃) ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC)

တို့ဖြစ်ကြပါသည်။

          ဧရာဝတီမြစ်ဝှမ်းဘက်စုံစီမံခန့်ခွဲမှု စီမံကိန်း၊ ကဏ္ဍ (၁) သည် အမျိုးသား ရေအရင်းအမြစ်ကော်မတီ ရုံးချုပ်နှင့် ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) ရုံးအဆောက်အဦ တည်ဆောက်ရေးသာမက HIC ၏ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုကိုပါ ထောက်ပံ့ပေးပါသည်။ ဧရာဝတီမြစ်ဝှမ်းဘက်စုံစီမံခန့်ခွဲမှု စီမံကိန်း ပြီးဆုံးသည့်နောက်တွင် ဆက်လက်လည်ပတ်သွားမည့် HIC ၏ အဆင့်ဆင့် တိုးတက် ပြောင်းလဲဖြစ်ပေါ်မည့် စီးပွားရေးပုံစံ ရှိပါသည်။ HIC သည် မြန်မာနိုင်ငံနှင့် အမျိုးသား ရေအရင်းအမြစ်ကော်မတီ (NWRC) တို့အတွက် ရေကဏ္ဍဆိုင်ရာ ပင်မဗဟိုချက်ဖြစ်လာပြီး ကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် လည်ပတ်သော ရေဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် မြန်မာနိုင်ငံရှိ ရေသုတေသနနှင့် ဆန်းသစ်တီထွင်မှု အဖွဲ့အစည်းများ အနက် ပင်မမဏ္ဍိုင်တစ်ခုဖြစ်ပါသည်။ HIC သည် ပတ်သက်ဆက်နွယ်သူများ အားလုံး အတွက် သိပ္ပံနည်းပညာ၊ သက်သေအခြေပြု ဆက်သွယ်ရေးနှင့် ဆုံးဖြတ်ချက် အထောက်အကူပြု ယန္တရားတို့၏ အချက်အချာဖြစ်ပါသည်။ ၎င်းသည် သမာဓိ တည်ခိုင်မှု ရှိစေရန် နိုင်ငံရေးနှင့် ကင်းရှင်းသော အဖွဲ့အစည်းအဖြစ်ရပ်တည်ပါမည်။ HIC ၏ အဓိက လုပ်ဆောင်ချက်မှာ အမျိုးသားရေအရင်းအမြစ်ကော်မတီ (NWRC) ၏ တာဝန်ဝတ္တရားများကို ပြည့်မီစေရန် ကူညီဆောင်ရွက်ခြင်းဖြစ်သည်။

(၁) ရေ၊ စွမ်းအင်နှင့် စားနပ်ရိက္ခာ လုံလောက်မှု တို့သည် အပြန်အလှန် ဆက်စပ်မှုရှိကြသည်။

(၂) ကျွန်ုပ်တို့၏ အမျိုးသား ရေဘက်ဂျက်သည် အကန့်အသတ်ရှိသကဲ့သို့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကန့်သတ်ချက်များလည်း ရှိသည်။

(၃) ကိုယ်ပိုင် အခက်အခဲများကို သိရပါမည်။

(၄) မြန်မာနိုင်ငံတော်အစိုးရမှ ကတိပြုထားသော ၂၀၃၀ ပြည့်နှစ်အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီစေရန် ဆောင်ရွက်ရမည်။

“…ရေစားနပ်ရိက္ခာစွမ်းအင် ဆက်စပ်မှု၏ အစိတ်အပိုင်းတစ်ခုတည်းကိုသာ အလေးထားပြီး ၎င်းတို့၏ အချင်းချင်းအပြန်အလှန် ဆက်နွှယ်မှုကို ထည့်သွင်း မစဉ်းစားသော မည်သည့်နည်းဗျူဟာမဆိုသည် မလိုလားအပ်သောနောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်…” 

World Economic Forum Global Risk Report 2011

ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) ၏ ဆောင်ရွက်မှု ရလဒ်များ

ဧရာဝတီမြစ်ဝှမ်းအခြေအနေ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအား ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) မှ ဆောင်ရွက်ပြီး ဧရာဝတီမြစ်ဝှမ်း ဘက်စုံ စီမံခန့်ခွဲမှု စီမံကိန်း (AIRBM) ၏ အသိပညာဆိုင်ရာ ရလဒ်များအနက် အဓိကတစ်ခုဖြစ်သည်။

ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) ၏ စီးပွားရေး ပုံစံ

          ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) သည် ရေနှင့် အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနများအနက် တစ်ခုမဟုတ်ဘဲ သီးခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်မည်ဖြစ်ပြီး ငါးနှစ်တာကာလ အပိုင်းအခြားသုံးခုအတွင်း တစ်ဆင့်ချင်း စွမ်းဆောင်ရည်တိုးတက်လာမည်ဖြစ်သည်။ HIC ၏ စီးပွားရေးပုံစံမှာ ကမ္ဘာ့ဘဏ်မှ ချေးငွေဖြင့် ဆောင်ရွက်သော ဧရာဝတီမြစ်ဝှမ်း ဘက်စုံ စီမံခန့်ခွဲမှု စီမံကိန်း (AIRBM) ပြီးစီးသည့် နောက်ပိုင်းတွင် ၎င်းသည် အဆင့်ဆင့် တိုးတက်ပြောင်းလဲ ဖြစ်ပေါ်ပြီး မြန်မာနိုင်ငံအစိုးရ၊ တက္ကသိုလ်များ၊ သုတေသနဌာနများ၊ အခြားအဖွဲ့အစည်းများနှင့် လုပ်ငန်းအပ်နှံသူများအတွက် သုတေသန အခြေပြု အမြတ်အစွန်း မယူသည့် ကိုယ်ပိုင် ဘဏ္ဍာငွေဖြင့် လည်ပတ်သော အကြံပေးလုပ်ငန်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

တိုးတက်မှုအဆင့် (၁) : ၂၀၁၆-၂၀၂၀

          ပထမ ငါးနှစ်တာကာလအတွင်း ဧရာဝတီမြစ်ဝှမ်း ဘက်စုံ စီမံခန့်ခွဲမှု စီမံကိန်း (AIRBM) သည် မြစ်ဝှမ်းဒေသ စီမံချက်ရေးဆွဲရန် HIC ၏ ဆုံးဖြတ်ချက် အထောက်အကူပြုစနစ် (DSS) အသုံးပြုခြင်းနှင့် မွမ်းမံခြင်းတို့အတွက် ဘဏ္ဍာငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ပေးခြင်းဖြင့် HIC ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေး မည်ဖြစ်ပါသည်။ ဆုံးဖြတ်ချက်အထောက်အကူပြုစနစ် (DSS) တွင် နေရာဒေသနှင့် သက်ဆိုင်သော သို့မဟုတ် မသက်ဆိုင်သော အချက်အလက်သိုမှီးခြင်း စနစ်၊ မြေပြင် တည်နေရာသတင်းအချက်အလက်စနစ်၊ အဝေးမှ အာရုံခံ စူးစမ်းလေ့လာသည့် နည်းပညာ (Remote Sensing Technology)၊ ဇလဗေဒ၊ ရေစီးဆင်းမှု၊ နုန်းအနည်အနှစ် ပို့ချသယ်ဆောင်မှုနှင့် ရေအရည်အသွေး စသည်တို့ကို လေ့လာသည့် ကွန်ပျူတာမော်ဒယ်လ် များ စသည့် ရေအရင်းအမြစ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာများ ပါဝင်သည်။ HIC သည် ရေနှင့်သက်ဆိုင်သူများအနေဖြင့် သတင်းအချက်အလက်များကို လွယ်ကူစွာ လေ့လာနိုင်ရန် အသုံးပြုရလွယ်ကူသော မြေပုံများ၊ ပုံဖော်လုပ်ဆောင်နိုင်သည့် ကိရိယာများ ပါဝင်သည့် ထိရောက်မှုရှိသော အင်တာနက်စာမျက်နှာတစ်ခုကို ထုတ်လွှင့်ထားသည်။

          ဧရာဝတီ မြစ်ဝှမ်းအခြေအနေဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ၊ မြစ်ဝှမ်းတစ်ခွင်လုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် အနာဂတ်ဖြစ်နိုင်ခြေများ ဆန်းစစ်လေ့လာခြင်း နှင့် ဧရာဝတီမြစ်ဝှမ်း မဟာစီမံချက် ရေးဆွဲခြင်း တို့ပါဝင်သော AIRBM စီမံကိန်း၏ ဆောက်ရွက်ချက်ရလဒ်များ ရရှိရန်အတွက် DSS အသုံးပြုသောလုပ်ငန်းများ ဆောင်ရွက်စဉ်အတွင်း လုပ်ငန်းခွင် သင်တန်းများမှတစ်ဆင့် HIC ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မည် ဖြစ်သည်။ အခြားနည်းလမ်းများအပြင် AIRBM စီမံကိန်းနှင့် မာရေးဒါလင် မြစ်ဝှမ်းအာဏာပိုင် (MDBC) တို့အကြား ပူးတွဲညှိနှိုင်းဆောင်ရွက်မှုမှတစ်ဆင့် အထူးသင့်လျော်အောင် စီစဉ်ထားသော သင်တန်းများနှင့် နိုင်ငံရပ်ခြား လေ့လာမှုများအတွက် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်။ HIC ၏ ဝန်ထမ်းအင်အားမှာ ၂၀၂၀ ပြည့်နှစ်တွင် (၂၂) ဦးရှိရာမှ ၂၀၂၅ ခုနှစ်တွင် (၅၀) ကျော်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

တိုးတက်မှုအဆင့် (၂) : ၂၀၂၀-၂၀၂၅

          ဤကာလအတွင်း HIC ၏ လုပ်ငန်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အစိုးရထံမှ (၅၀) ရာခိုင်နှုန်း အထောက်အပံ့ရယူမည်ဖြစ်သည်။ ဆိုလိုသည်မှာ HIC ရုံးအဆောက်အဦကို AIRBM စီမံကိန်းအား ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်စဉ် ကာလတွင် ဆောက်လုပ်ခြင်းဖြစ်ပြီး HIC တွင် လိုအပ်သော ပံ့ပိုးမှု အင်္ဂါရပ်များအတွက် ငှားရမ်းခ ကင်းလွတ်ခွင့် ရရှိမည် ဖြစ်သောကြောင့် ဖြစ်သည်။ အဆိုပါ ငှားရမ်းခသည် နိုင်ငံတော်အစိုးရ၏ ပါဝင်ကူညီထောက်ပံ့ခြင်း ဖြစ်သည်။  ကျန်ရှိသော (၅၀) ရာခိုင်နှုန်းမှာ အကြံပေးအဖွဲ့အစည်းများနှင့် ဆက်စပ်လုပ်ဆောင်သော သုတေသနစီမံချက်များ ပါဝင်သည့် ပုဂ္ဂလိကကဏ္ဍနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များအတွက် အလုပ်တာဝန်များပါရှိသော ဈေးကွက်သုတေသနများ၊ ဆန်းစစ်လေ့လာခြင်းများနှင့် စီမံကိန်းရေးဆွဲခြင်းများမှတစ်ဆင့် ရရှိသော ကုန်ကျစရိတ်ကာမိမှုကို အခြေခံသော စီးပွားရေးပုံစံဖြစ်သည်။

          လုပ်ငန်းခွင်သင်တန်းများသည် စွမ်းဆောင်ရည်မြှင့်တင်ခြင်းအတွက် အခြေခံ နည်းလမ်းအဖြစ် တည်ရှိနေမည်ဖြစ်သည်။ သို့သော် နိုင်ငံတကာ အဖွဲ့အစည်း သို့မဟုတ် တက္ကသိုလ်မှ သင်တန်းများသည် HIC အား  ရေရှည်တည်တံ့သော အဖွဲ့အစည်း ဖြစ်စေရန်နှင့် DSS ကို အသုံးပြုနိုင်၊ ထိန်းသိမ်းနိုင်သော အရည်အချင်းမြင့်မားသည့် ဝန်ထမ်းများပါဝင်သော ပင်မအဖွဲ့တစ်ခုကို ဖွဲ့စည်းရာ၌ အရေးပါဆဲပင်သည်။ ဤကာလအတွင်းတွင် HIC သည် ဧရာဝတီမြစ်ဝှမ်းဒေသတွင် မူဝါဒအသစ်များ၊ ကဏ္ဍဆိုင်ရာ စီမံကိန်းများ၊ ဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာခြင်းများနှင့် အခြားလုပ်ဆောင်ချက်များ၏ တိုးတက်ဖွံ့ဖြိုးမှုကို ထောက်ကူနိုင်ရန်အတွက် အခြေခံအချက်အလက်များမှတစ်ဆင့် တန်ဖိုးရှိ အသုံးဝင်သည့် သတင်းအချက်အလက်များ ထုတ်ဖော်ပေးနိုင်သော ဆုံးဖြတ်ချက်အထောက်အကူပြုစနစ် (DSS) ကို အသုံးပြုကြသည့် အစိုးရအဖွဲ့အစည်းများ နှင့် (အခြားအဖွဲ့အစည်းများ) ၏ ရေဆိုင်ရာ အသိပညာများသိုမှီးရာ နှင့် လုပ်ငန်းလည်ပတ်ရာ နေရာဌာနတစ်ခု ဖြစ်လာမည် ဖြစ်ပါသည်။

တိုးတက်မှုအဆင့် ၃ (၂၀၂၅ - ၂၀၃၀)

          ဤကာလတွင် HIC ၏ ဘဏ္ဍာရေးဆိုင်ရာ ရပ်တည်မှုသည် ဆုံးဖြတ်ချက် အထောက်အကူပြုစနစ်နှင့် အခြားသော လုပ်ဆောင်ချက်များကို အသုံးပြု၍ အစိုးရအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းများနှင့် ပုဂ္ဂလိက ကဏ္ဍများ၏ သုတေသန၊ ဆန်းစစ်လေ့လာမှုများနှင့် စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ လေ့လာမှုလုပ်ငန်းများ လုပ်ဆောင်ခြင်းမှ ရရှိမည်။ ယခုကာလတွင် HIC သည် အစိုးရနှင့် အစိုးရမဟုတ်သော လုပ်ငန်းအပ်နှံသူများ (Client) များ၏ တောင်းဆိုမှုအပေါ်မူတည်၍ ကနဦးပြုလုပ်ထားသည့် ဇလဗေဒဆိုင်ရာ ကွန်ပျူတာ မော်ဒယ်လ်များနှင့် ရေဆိုင်ရာ သုတေသနများ၊ အကြံဉာဏ်ပေးခြင်းတို့နှင့် သက်ဆိုင်သည့် ဆန်းစစ်လေ့လာမှုများကို ပြုလုပ်ကာ HIC ၏ ရေဆိုင်ရာ သုသေသနများနှင့် အကြံဉာဏ်ပေးခြင်းများကို ကျယ်ပြန့်လာစေမည်။
          ဥပမာအားဖြင့် HIC သည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအတွက် ၎င်းနှင့် စပ်ဆက်သည့် လုပ်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်မည်။ HIC သည် အစိုးရ၏ ‌တောင်းဆိုမှုများအရ တိုးတက်လာမည် ဖြစ်သည်။
          HIC နှင့် အလားတူ အဖွဲ့အစည်းများလည်း နိုင်ငံတကာတွင် အများကြီးရှိပါသည်။ ဥပမာတစ်ခုအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ၁၉၈၀ ခုနှစ် တွင်တည်ထောင်ခဲ့သော ရေဆိုင်ရာ ကွန်ပျူတာမော်ဒယ်လ် အဖွဲ့အစည်းသည် ယခုအချိန်တွင် ဘင်္ဂလားဒေ့နိုင်ငံရှိ ရေဆိုင်ရာ လေ့လာမှု အများစုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင်ပါဝင်လုပ်ဆောင်နေပြီး ၎င်းအဖွဲ့အစည်းတွင် ဝန်ထမ်းအရေအတွက်အားဖြင့် (၁၀၀) ခန့် ခန့်အပ်ထားရှိပါသည်။ ကနဦးပြုလုပ်ထားသည့် ဇလဗေဒဆိုင်ရာ ကွန်ပျူတာမော်ဒယ်လ်များအား လုပ်ဆောင်ခြင်း အပြင် ရေဆိုင်ရာ သုတေသနများနှင့် အကြံဉာဏ်ပေးခြင်းတို့ကို ကျယ်ပြန့်လာစေမှာ ဖြစ်ပါသည်။ အခြားသော နိုင်ငံတကာမှ ဥပမာများအရ အခြေခိုင်သော၊ အသိအမှတ်ပြုခံရသော အဖွဲ့အစည်းတစ်ခုဖြစ်မလာခင် အထူးအားဖြင့် အစပိုင်း (၁၀) နှစ် – (၂၀) နှစ် အတောအတွင်းတွင် အစိုးရနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများထံမှ ရန်ပုံငွေအာမခံမှုသည် အရေးပါနေဆဲဖြစ်ကြောင်း အကြံပြုနေပါသည်။

HIC ၏ အဆင့်ဆင့် တိုးတက်ပြောင်းလဲဖြစ်ပေါ်မည့် ပုံစံ

HIC ၏ အသိပညာပိုင်းဆိုင်ရာဖွဲ့စည်းမှုပုံစံ

ဆုံးဖြတ်ချက်အထောက်အကူပြုစနစ် (Decision Support System - DSS) တည်ထောင်ခြင်းနှင့် မြစ်ဝှမ်းမဟာစီမံချက် (Basin Master Plan - BMP) ရေးဆွဲခြင်း

          ဆုံးဖြတ်ချက်အထောက်အကူပြုစနစ် (DSS) တည်ထောင်ခြင်းနှင့် မြစ်ဝှမ်းမဟာ စီမံချက် (BMP) ရေးဆွဲခြင်းသည် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်း၊ ကဏ္ဍ (၁) ၏ လုပ်ငန်းစဉ် (၇) ခုအနက် တစ်ခုဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်ကို ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) သည် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ DHI JV (Danish Hydraulic Institute Joint Venture) ၏ နည်းပညာအကူအညီဖြင့် အတူလက်တွဲစတင်လုပ်ဆောင်ခဲ့သည်မှာ ၂၀၁၈ ခုနှစ် မတ်လမှဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပြီးစီးမည်ဖြစ်ပါသည်။ ဧရာဝတီမြစ်ဝှမ်း ဆုံးဖြတ်ချက် အထောက်အကူပြု စနစ် (DSS) ကို ဖွံ့ဖြိုး‌ရေးအနာဂတ်ဖြစ်နိုင်ချေများတွင်ပါရှိသည့် တည်ရှိပြီးဖြစ်သောနှင့် ထပ်မံအဆိုပြုထားသော ရေလှောင်တမံများ၊ ဆည်ရေသွင်း စိုက်ပျိုးရေး စီမံကိန်းများ၊ ရာသီဥတုပြောင်းလဲမှုကို ခန့်မှန်းခြင်းတို့၏ သက်ရောက်မှုများကို ဆန်းစစ်ရာတွင် အကူအညီရရှိစေရန်နှင့် ၎င်းတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များ၏ ခြုံငုံသုံးသပ်ချက်တို့ကို အထောက်အပံ့ပေးနိုင်ရန် တည်ထောင်ခြင်းဖြစ်သည်။
          ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အနာဂတ်ဖြစ်နိုင်ချေအမျိုးမျိုးကို စိုက်ပျိုးရေး၊ စွမ်းအင်၊ ပို့ဆောင်ရေးနှင့် မြို့ပြရေပေးဝေရေးကဲ့သို့ ကဏ္ဍမျိုးစုံတို့ကို ကိုယ်စားပြုသော ပတ်သက်ဆက်နွှယ်သူအမျိုးမျိုးထံမှ ရရှိသည့် အချက်အလက်များပေါ် အခြေခံ၍ ရေးဆွဲထားပါသည်။ မိုးခေါင်မှုနှင့် ရေကြီးမှုစသော ပြဿနာရပ်များအား အမြော်အမြင်ရှိစွာ ကိုင်တွယ်နိုင်ပြီး ဧရာဝတီမြစ်ဝှမ်းအား ကောင်းကျိုးအများဆုံးဖြစ်ထွန်းရန်နှင့် ဆိုးကျိုးအနည်းဆုံးဖြစ်စေရန် မည်သို့ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပုံကို သိရှိနားလည်နိုင်ရန် အမျိုးမျိုးသော ကွန်ပျူတာ မော်ဒယ်လ်များနှင့် ကျွမ်းကျင် ပညာရှင်များ၏ အသိပညာများကို အသုံးပြု၍ အနာဂတ်ဖြစ်နိုင်ခြေများအား ဆန်းစစ်သွားမည်ဖြစ်သည်။
          ပတ်သက်ဆက်နွယ်သူများ၏ အကြံပြုတုံ့ပြန်ချက်များ (ဥပမာ – ဦးစားပေး ဖော်ြပမှု)နှင့် အနာဂတ်ဖြစ်နိုင်ချေ ဆန်းစစ်လေ့လာခြင်းမှ ဆုံးဖြတ်ချက် အထောက်အကူပြု စနစ် ရလဒ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း မဟာစီမံချက်အား ရေးဆွဲသွားမည် ဖြစ်သည်။ ဧရာဝတီမြစ်ဝှမ်းမဟာစီမံချက်သည် လက်ရှိ ဖြစ်ပေါ်နေသော ရေဆိုင်ရာ ဖြစ်စဉ်များနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အနှစ်ချုပ်ဖော်ပြနိုင်မည်ဖြစ်ပြီး ဆက်စပ်နေသော ဆိုးကျိုးသက်ရောက်မှုနှင့် မသေချာမှုတို့အပါအဝင် အနာဂတ်အတွက် ရေလိုအပ်ချက် များနှင့် အခွင့်အလမ်းများကိုလည်း ဖော်ပြသွားမည်ဖြစ်သည်။ အလယ်အလတ်နှင့် နှစ်ရှည် အတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးရလဒ်အမျိုးမျိုးကို ချိန်ညှိပေးနိုင်သော မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာတစ်ခုလည်း ဆက်လက်ပေါ်ထွက်လာမည်ဖြစ်သည်။ မြစ်ဝှမ်းမဟာစီမံချက်သည် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာနှင့် အညီဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းတို့၏ လက်တွေ့ကျ၍ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေများကို ထည့်သွင်းစဉ်းစားထားသော အဆင့်လိုက် ဦးစားပေးရင်းနှီးမြှုပ်နှံမှု အစီအစဉ်တစ်ရပ်ဖြင့် အဆုံးသတ်မည်ဖြစ်သည်။ ထိုမြစ်ဝှမ်းဒေသဆိုင်ရာ ဦးစားပေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်သည် အစိုးရအဖွဲ့အစည်းများ၏ လူမှုစီးပွားရေးနှင့် ကဏ္ဍအလိုက် စီမံကိန်းများတွင် ဦးစားပေးရင်းနှီးမြှုပ်နှံမှုများကို ဖော်ဆောင်နိုင်ရန် ခိုင်မာမှုတစ်ရပ်ထောက်ပံ့ပေးနိုင်သော ကဏ္ဍစုံမှ ပတ်သက် ဆက်နွယ်သူများ၏ အားပေးကူညီမှုများရရှိရန် အလွန်အရေးကြီးပါသည်။
          စီမံကိန်းပြီးဆုံးပြီးနောက်ပိုင်းတွင် ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) သည် ဒေတာဘေစ့်၊ ကွန်ပျူတာမော်ဒယ်လ်များ၊ သက်ရောက်မှု ဆန်းစစ် လေ့လာခြင်းလုပ်ဆောင်နိုင်သည့် နည်းပညာနှင့် DSS တွင် ထည့်သွင်းထားသော အသိပညာဖြန့်ဝေခြင်းအစရှိသည်တို့ကို အကျိုးရှိစွာ စီမံအသုံးချနိုင်ခြင်းကို သေချာစေရန် ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (HIC) သို့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာလွှဲပြောင်းပေးခြင်းတို့ကို ပြုလုပ်ရန် အထူးလိုအပ်ပါသည်။

ဆုံးဖြတ်ချက် အထောက်အကူပြုစနစ်

DSS ကို ဘာကြောင့်သုံးသင့်သလဲ။

(၁) သဘာဝစနစ်သည် ရှုပ်ထွေးသောကြောင့် အောက်ပါအချက်များအား ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။

(၁) နေရာဒေသအလိုက်၊ အချိန်ကာလအလိုက် ကွဲပြားသော အခြေအနေများ

(၂) ဘက်စုံ (ရေရရှိနိုင်မှုပမာဏ/ ရေအရည်အသွေး/ မြေနှင့် ရေဆိုင်ရာ ဂေဟစနစ်များ)

(၃) မျိုးစုံသော အရင်းအမြစ်များ (မြေပေါ်ရေ/ မြေအောက်ရေ)

(၄) မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်မှုသည် ရှုထောင့်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံချိတ်ဆက်ခြင်းတို့ ပါဝင်သည့်အတွက် အငြင်းပွားမှုများလည်းဖြစ်နိုင်သည်။

(၅) ဆုံးဖြတ်ချက်ချရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်တို့မှ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

(၆) ပါဝင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လှုံ့ဆော်နိုင်သည်။

(၇) သတင်းအချက်အလက်မျှဝေခြင်းကို ချောမွေ့စေသည့်အပြင် ပူးပေါင်းပါဝင်ခြင်းကို တိုးမြှင့်စေသည်။

မြစ်ဝှမ်းဒေသ ဘက်စုံ အစီအစဉ်ရေးဆွဲခြင်းရှိ ဆုံးဖြတ်ချက်အထောက်အကူပြုစနစ်

(၁) ရင်းနှီးမြှုပ်နှံမှု/ စီမံကိန်းများကိုရှာဖွေပြီး စီမံကိန်းရေးဆွဲရေး အခွင့်အလမ်းကို ဖော်ဆောင်ရမည်။

(၂) အနာဂတ်ရှိ ရာသီဥတုပြောင်းလဲမှု၊ လူဦးရေ တိုးတက်လာမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်ပြောင်းလဲလာမှုအစရှိသည်တို့ကို ထည့်သွင်းစဉ်းစားရမည်။

(၃) နိုင်ငံရေးအရ ဦးစားပေးမှုများနှင့် မြစ်ဝှမ်းဒေသအတွက် မျှော်မှန်းချက်များကိုလည်း ထည့်သွင်း စဉ်းစားရမည်။

(၄) ဖြစ်နိုင်ချေရှိသော အပေးအယူများကို ထည့်သွင်းစဉ်းစားပြီး ရင်းနှီးမြှုပ်နှံမှုများအတွက် အကောင်းဆုံးသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ရွေးချယ်ပြီး ဦးစားပေးရမည်။

ဆုံးဖြတ်ချက်အထောက်အကူပြုစနစ်၏ အဓိကကဏ္ဍများ

ဆုံးဖြတ်ချက်အထောက်အကူပြုစနစ်၏ အဓိကကဏ္ဍများမှာ –

(၁) မြစ်ဝှမ်းဒေသ၊ မြစ်ဝှမ်းဒေသခွဲနှင့် ဒေသတစ်ခုပေါ်ရှိ နေရာဒေသနှင့် အချိန်ပေါ် မူတည်၍ ပြောင်းလဲနေသော အချက်အလက်များပါသည့် သတင်းအချက်အလက် စနစ်တစ်ခု၊

(၂) ရာသီဥတုပြောင်းလဲမှုအပါအဝင် လက်ရှိအခြေအနေ၏ သဘာဝဇလဗေဒဆိုင်ရာ ဖြစ်စဉ်များကို ဖော်ပြနိုင်သည့်အပြင်၊ မြေအသုံးပြုမှုအပြောင်းအလဲ (ဥပမာ -သစ်တော ပြုန်းတီးခြင်း)၊ ရေစီးဆင်းမှုထိန်းညှိပေးသည့် အဆောက်အအုံများ (ဥပမာ – ဆည်များ) ၊ ရေအမြောက်အမြားထုတ်ယူသုံးစွဲခြင်း (ဥပမာ – ရေသွင်းစိုက်ပျိုးရေး စီမံကိန်းများ) နှင့် မြေဆီလွှာ တိုက်စားခြင်း စသည်တို့၏ အကျိုးဆက်များကိုပါ လေ့လာဆန်းစစ်နိုင်မည့် မြစ်ဝှမ်း model ပုံစံငယ်များ၊

(၃) ကွန်ပျူတာမော်ဒယ်လ်များဖြင့် တွက်ချက်ထားသော ဖြစ်နိုင်ခြေများမှ ရရှိလာသည့် ရလဒ်များနှင့် အချက်အလက်များကို အခြေခံထားသော စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အညွှန်းကိန်းများမှတစ်ဆင့် နောက်ဆက်တွဲ ထိခိုက်နိုင်ခြေများကို တွက်ချက်ရာတွင် အထောက်အကူပြုမည့် ဆန်းစစ် လေ့လာခြင်းနှင့် အစီရင်ခံစာရေးသားခြင်းတို့ဆိုင်ရာ လုပ်ဆောင်နိုင်သည့် နည်းပညာ များနှင့်၊

(၄) ရေနှင့်သက်ဆိုင်သူများအတွက် သတင်းနှင့် အချက်အလက်များပေးနိုင်သော၊ အစီအစဉ်များ ရေးဆွဲခြင်းလုပ်ငန်းစဉ်များတွင် ထင်မြင်ချက်များပေး၍ ပါဝင်နိုင်သော အင်တာနက်ဝက်ဆိုဒ် မှတစ်ဆင့် ဝင်ရောက် အသုံးပြုနိုင်သည့် web interface တစ်ခု။

ဆုံးဖြတ်ချက်အထောက်အကူပြုစနစ် အသုံးပြုသူများ

ဆုံးဖြတ်ချက်အထောက်အကူပြုစနစ် (Desktop Version) အဓိက အသုံးပြုသူများ

HIC မှ အဓိက အသုံးပြုသူများ ပြုလုပ်ရမည့် တာဝန်များ
အချက်အလက်ပိုင်း အထူး ကျွမ်းကျင်သူ ဧရာဝတီမြစ်ဝှမ်းဒေသဆန်းစစ်လေ့လာခြင်း၏ ရေနှင့်သက်ဆိုင်သော ပတ်သက်ဆက်နွယ်သူ များအားလုံးပါဝင်သည့်ဖိုရမ်
GIS အထူး ကျွမ်းကျင်သူ GIS နှင့် သက်ဆိုင်သော ကွန်ပျူတာမော်ဒယ်လ် ထဲတွင် အသုံးပြုနိုင်မည့် အချက်အလက်များ အပါဝင် အခြားသော အချက်အလက်များ စနစ်တကျ ပြင်ဆင်ခြင်းနှင့် မြေပုံထုတ်ခြင်း။
ကွန်ပျူတာဖြင့် ပုံစံငယ်ဖန်တီးတည်ဆောက်သူ ရေအရင်းအမြစ်ဆိုင်ရာ ကွန်ပျူတာ ပုံစံငယ်များ တည်ဆောက် အသုံးပြုခြင်းနှင့် အနာဂတ် ဖြစ်နိုင်ခြေ များ ဖန်တီးခြင်း။
အချက်အလက်များ၏ အရည်အသွေးနှင့် မော်ဒယ်လ် ၏ ရည်ရွယ်ချက်နှင့် ထည့်မည့် အချက်အလက်များ ကိုက်ညီစေခြင်း။
စနစ်ကို စိစစ်လေ့လာသူ ဒေတာဘေ့စ်ကို စီမံခန့်ခွဲခြင်းနှင့် ကွန်ပျူတာ ပုံစံငယ်များမှ ရလဒ်များ၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် ကဏ္ဍအလိုက် အချက်အလက်များ အပေါ်မူတည်၍ အညွှန်းကိန်းများ တွက်ထုတ်၍ ဖြစ်နိုင်ခြေအသစ် အကဲဖြတ်ခြင်းတွင် ပါဝင်စေခြင်း။
စနစ်ကို စိစစ်လေ့လာသူသည် အင်တာနက် ဝက်ဆိုဒ် မှတစ်ဆင့် မည်သည့်မော်ဒယ်လ်၏ ရလဒ်များနှင့် မည်သည့် ညွှန်းကိန်းများကို လွှင့်တင့်ပြသမည်ကို ရွေးချယ်ခြင်းတွင် တာဝန်ရှိပြီး အကဲဖြတ်မန်နေဂျာ၏ စံသတ်မှတ်ချက်များ အပေါ်မူတည်၍ မည်သူတို့ ရရှိစေမည်ကိုလည်း ရွေးချယ်ရန် တာဝန်ရှိသည်။
အကဲဖြတ်မန်နေဂျာ အကဲဖြတ်သုံးသပ်ရေးစံနှုန်းများ၊ (ညွှန်းကိန်းများ)၏ အလေးအဆများ၊ အနာဂတ်ဖြစ်နိုင်ခြေများနှင့် အမေးအဖြေ ရလဒ်များကို ရွေးချယ်ခြင်း။
စီမံအုပ်ချုပ်သူ အသုံးပြုသူအသစ်များ ဖန်တီးခြင်း အပါအဝင် DSSကို အလုံးစုံ ထိန်းချုပ်ခွင့်ရှိခြင်း

အင်တာနက်ဝက်ဆိုဒ် မှတစ်ဆင့် ဝင်ရောက် အသုံးပြုနိုင်မည့် DSS ၏ ပြင်ပ အသုံးပြုသူများ

ပြင်ပမှ အသုံးပြုသူများ DSS ကို အသုံးပြုမည့် ပုံစံများ
အများပြည်သူ ရွေးချယ်ကန့်သတ်ထားသည့် သတင်းနှင့် အချက်အလက် များကို ရယူသုံးစွဲနိုင်သည်။ (ဥပမာ – သတ်မှတ်ပြီး ဖြစ်သော အနာဂတ်ဖြစ်နိုင်ခြေများ)
အဝေးမှအသုံးပြုမည့် HIC မှ အသုံးပြုသူများ သတင်းနှင့် အချက်အလက်များအားလုံးကို ရယူ သုံးစွဲနိုင်သည်။
ဆုံးဖြတ်ချက်ချမှတ်သူ ထုတ်ပြန်မျှဝေထားသော သတင်းနှင့် အချက်အလက်နှင့် အနာဂတ်ဖြစ်နိုင်ခြေများ အားလုံးကို ရယူသုံးစွဲနိုင်သည်။ ဆုံးဖြတ်ချက်ချမှတ်သူသည် နောက်ထပ်ပြုလုပ်မည့် ဆန်းစစ်လေ့လာမှုအတွက် အခြားသော DSS အနာဂတ်ဖြစ်နိုင်ခြေများကိုလည်း အကြံပြုနိုင်သည်။

DSS အသုံးပြုသူများ၏ အခန်းကဏ္ဍများ

အဆိုပြုထားသော ဆုံးဖြတ်ချက်အထောက်အကူပြုစနစ်

ဆုံးဖြတ်ချက်အထောက်အကူပြုစနစ် (DSS) နှင့် မြစ်ဝှမ်း မဟာစီမံချက် (BMP) ၏ လုပ်ငန်းချိတ်ဆက်မှု

ဧရာ၀တီမြစ်၀ှမ်းဒေသအစီအစဥ်ရေးဆွဲခြင်းလုပ်ငန်းစဥ်

          အမျိုးသားရေအရင်းအမြစ်ကော်မတီသည် မြန်မာနိုင်ငံ၏ ဧရာဝတီ မြစ်ဝှမ်း ဒေသအတွက် ရည်မှန်းချက်ကြီးမားသော၊ မဟာဗျူဟာမြောက်သော စီမံကိန်းတစ်ခုရေးဆွဲရန် စတင်ခဲ့ပါသည်။ ဆုံးဖြတ်ချက်အ‌ထောက်အကူပြုစနစ်နှင့် မြစ်ဝှမ်းမဟာစီမံချက်ရေးဆွဲ‌ရေး စီမံကိန်းသည် ပတ်သက်ဆက်နွယ်သူများ သဘောတူညီ သော မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတစ်ခု ဖော်ဆောင်နိုင်ရေးကို ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

          မြစ်ဝှမ်းဒေသမဟာစီမံချက်ရေးဆွဲခြင်းလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အမျိုးမျိုးသော ရေဆိုင်ရာ ဖွံ့ဖြိုးတိုးတက်‌ရေး အနာဂတ်ဖြစ်နိုင်ချေများကို စိုက်ပျိုးရေး၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ မြို့ပြရေပေးဝေရေး၊ ပတ်ဝန်းကျင်နှင့် အခြားသော ကဏ္ဍများကို ကိုယ်စားပြုသော ပတ်သက်ဆက်နွယ်သူများ၏ အကြံပြုချက်များပေါ် အခြေခံ၍ ရေးဆွဲထားပါသည်။

          မြစ်ဝှမ်းဒေသအခြေအနေဆန်းစစ်လေ့လာခြင်းအစီရင်ခံစာတွင် ဖော်ပြထားသော လက်ရှိ အခြေအနေ၏ သတင်းအချက်အလက်နှင့် မြေပုံများသည် ဆုံးဖြတ်ချက် အထောက် အကူပြုစနစ်ထဲရှိ ဖြစ်နိုင်ချေများကို ဆန်းစစ်ရာတွင် အခြေခံကျသော အခြင်းအရာများ ဖြစ်လာမည်။ ‌ရေးဆွဲမည့် အနာဂတ်ဖြစ်နိုင်ချေများတွင် ကဏ္ဍစုံမှ ဖွံ့ဖြိုးရေး အစီအစဉ်များ၊ ပတ်သက်ဆက်နွယ်သူများ၏ တုံ့ပြန်ချက်များ၊ လက်ရှိအခြေအနေအလားအလာများအပေါ် ခန့်မှန်းမှုများနှင့် ရာသီဥတုပြောင်းလဲမှုများပေါ် အခြေခံ၍ ရေးဆွဲမည်ဖြစ်ပြီး “စီစဉ်ထားပြီးဖြစ်သော ဖွံ့ဖြိုးတိုးတက်မှု” နှင့် ကျိုးကြောင်းညီညွတ်သော၊ ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားထားသော (၂၀၄၀) အနာဂတ် ဖြစ်နိုင်ချေများ ပါဝင်မည်ဖြစ်သည်။ ၎င်းအနာဂတ်ဖြစ်နိုင်ချေများအား လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ညွှန်းကိန်းများပါဝင်သော အခြေခံအချက်သုံးချက်ဖြင့် ဆန်းစစ်လေ့လာမှုများ ပြုလုပ်မည် ဖြစ်သည်။ ပတ်သက်ဆက်နွယ်သူများအနေဖြင့် အနာဂတ်ဖြစ်နိုင်ချေများထဲမှ တစ်ခုကို ပြန်လည်မွမ်းမံမှုတစ်ချို့ပြုလုပ်ပြီး စီမံကိန်းအစီအစဉ်များနှင့် ကဏ္ဍအလိုက်ဖွံ့ဖြိုး တိုးတက်ရေး (ဥပမာ – စိုက်ပျိုးရေး၊ ရေအားလျှပ်စစ်၊ မြို့ပြရေပေးဝေရေးနှင့် ရေကြောင်း သွားလာရေး) ဆိုင်ရာအဖွဲ့အစည်းများအတွက် လမ်းညွှန်မှုပေးနိုင်သော “မြစ်ဝှမ်းဒေသ မဟာစီမံချက်” အဖြစ်ရွေးချယ်မည်ဖြစ်သည်။ သက်ဆိုင်ရာ ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်သည် အကန့်အသတ်ရှိသော ပြည်တွင်းပြည်ပ ဘဏ္ဍာ‌ရေးရင်းမြစ်များနှင့် အမြန်ဆုံးအကောင်အထည်ဖော်ရန်လိုသော၊ အကျိုးအမြတ်အများဆုံးသော ရင်းနှီးမြှုပ်နှံမှု များကို စီမံရာတွင် အထောက်အကူပြုမည် ဖြစ်သည်။

          မြစ်ဝှမ်းမဟာစီမံကိန်း အောင်မြင်ရန် အဓိကသော့ချက်များမှာ အကောင်အထည်ဖော် ဆောင်ရွက်မည့် အဖွဲ့အစည်းများမှ မိမိတို့ကိုယ်ပိုင်လုပ်ငန်းအဖြစ်ခံယူမှု၊ တာဝန်ယူမှုနှင့် စီမံကိန်းရေးဆွဲသည့် လုပ်ငန်းစဉ်တစ်လျှောက်တွင် တက်ကြွစွာပါဝင်မှုတို့ဖြစ်ပါသည်။

မြစ်ဝှမ်းမဟာစီမံချက်၏ အခြေခံသဘောတရား

ဧရာဝတီမြစ်ဝှမ်းဒေသမဟာစီမံချက် ဖွံ့ဖြိုးရေး အဆင့်များ

မြစ်ဝှမ်းဒေသအစီအစဉ်ရေးဆွဲခြင်းလုပ်ငန်းစဉ်တွင် အဆိုပြုထားသော ပတ်သက်ဆက်နွယ်သူများ၏ ပါဝင်မှု

ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (လက်ကမ်းစာစောင်များ)