Highlights News and Events Press Released

ဧရာဝတီမြစ်ဝှမ်း ဘက်စုံသုံးရေယာဉ်ကို အပြီးသတ်စစ်ဆေး စမ်းသပ်မှုများ ပြုလုပ်နေ

ရန်ကုန် ဇွန် ၄ ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုမည့် ဘက်စုံသုံးရေယာဉ်ကို တည်ဆောက်ပြီးစီး၍ သင်္ဘောတွင်တပ်ဆင် ထားသော စနစ်များအား အပြီးသတ်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန် ဇွန် ၄

ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုမည့် ဘက်စုံသုံးရေယာဉ်ကို တည်ဆောက်ပြီးစီး၍ သင်္ဘောတွင်တပ်ဆင် ထားသော စနစ်များအား အပြီးသတ်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာ့သင်္ဘောကျင်းလုပ်ငန်း- AMECC Joint Venture Company Limited မှ တာဝန်ယူ တည်ဆောက်လျက်ရှိသော ဧရာဝတီမြစ်ဝှမ်း ဘက်စုံသုံး ရေယာဉ်ကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်ငန်း အပ်နှံတည်ဆောက် စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သင်္ဘောတည်ဆောက်ရေးကုမ္ပဏီအနေဖြင့် တင်ဒါအောင်မြင် ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ဧပြီ ၆ ရက်တွင် ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စာချုပ်ချုပ်ဆို ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ဘက်စုံသုံးရန်အတွက် မြန်မာ့သင်္ဘောကျင်းအနေဖြင့် ပထမဆုံးဆောက်လုပ်သော သင်္ဘောဖြစ်ပြီး သင်္ဘော၏အမည်ကို BH 101 ဟူ၍ အမည်ပေးထားကြောင်း သိရသည်။ အဆိုပါသင်္ဘောနှင့် ပတ်သက်၍ Myanma Shipyards – AMECC Joint Venture Company Limited မှ အထွေထွေမန်နေဂျာ (စက်မှု/စီမံ) ဦးကျော်ကျော်က “ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရေကြောင်းပြဗော်ယာတွေကို ဝန်ဆောင်မှု ပေးမယ့် သင်္ဘော အမျိုးအစား ဖြစ်ပါတယ်။ ဒီသင်္ဘောက ရေကြောင်းပြ ဗော်ယာတွေ ကို ဝန်ဆောင်မှုပေးမယ့်အပြင် မြစ်တစ်ဖက်ကမ်းနဲ့ တစ်ဖက်ကမ်းကို ဖယ်ရီအနေနဲ့လည်း သုံးလို့ရမယ်။ မြစ်ကြောင်းတစ်လျှောက်မှာ မီးလောင်မှုတွေ ဖြစ်လာမယ်ဆိုရင်လည်း မီးငြှိမ်းသတ်ဖို့လည်း သုံးလို့ရမယ်။ ကူးတို့ရေယာဉ်အဖြစ်လည်း သုံးလို့ရတယ်။ ထရပ်ကား တွေလည်း ပို့ဆောင်ပေးလို့ရပါတယ်။ ဒါကြောင့် ဘက်စုံသုံးလို့ခေါ်တာပါ” ဟု ရှင်းပြသည်။
သင်္ဘောအလျားမှာ ၂၆ ဒသမ ၂ မီတာ၊ အကျယ် ၉ ဒသမ ၁ မီတာ၊ အမြင့်မှာ ၁ ဒသမ ၉ မီတာရှိကြောင်း သိရသည်။ သင်္ဘောကို ဂျပန်နိုင်ငံ ယာမာမှ ထုတ်လုပ်သော မြင်းကောင်ရေ ၅၀၀ အားရှိ ပင်မ အင်ဂျင်နှစ်လုံး တပ်ဆင်ထားပြီး အင်ဂျင်စက်များ၊ ကရိန်းများ၊ မီးသတ်စက်များ၊ ဟိုက်ဒရောလစ်စနစ်များ၊ ရေကြောင်းလမ်းပြ စနစ်များ စသော ဘက်စုံအသုံးပြုနိုင်ရန် စက်များတပ်ဆင်ထား သည်။ တစ်နာရီလျှင် ရေမိုင် ၁၀ မိုင်အထိမောင်းနှင်နိုင်ပြီး ရေတိမ်တွင် အလွယ်တကူ မောင်းနှင်သွားလာနိုင်ရန်နှင့် ပန်ကာဝင်ရိုးစနစ်မှာ အတင်အချပြုလုပ်နိုင်ရန်အတွက် အရှင်တပ်ဆင် ထားကြောင်း သိရသည်။ ထို့ပြင် ဆွဲသင်္ဘော အနေဖြင့်လည်း အသုံးပြုနိုင်စေရန် တည်ဆောက် ထားသည်ဟု သိရသည်။
သင်္ဘောပေါ်တွင် ရေယာဉ်ဝန်ထမ်း ခြောက်ဦး လိုက်ပါ အမှုထမ်းနိုင်ပြီး တာဝန်ထမ်းဆောင်မည့် ရေယာဉ်ဝန်ထမ်း များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုံခြုံရေးဆိုင်ရာပစ္စည်းများ လည်း ပါဝင်ကြောင်း သိရသည်။ သင်္ဘောမှာ နိုင်ငံတကာ အသိအမှတ်ပြု Class NK အဖွဲ့အစည်း၏ စစ်ဆေးမှုဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်္ဘော တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ သန်း ကုန်ကျကြောင်း သိရသည်။ သင်္ဘောကို ပုံမှန်စစ်ဆေးမှုများ၊ ပြင်ဆင်မှုများ ပြုလုပ်သုံးစွဲလျှင် ၂၅ နှစ်ခန့် သက်တမ်းအထိ သုံးစွဲ သွားနိုင်မည်ဖြစ်သည်။ ယခုအခါ သင်္ဘော၌ တပ်ဆင်ထားသောစနစ်များကို အပြီးသတ်စစ်ဆေး စမ်းသပ်မှုများ ပြုလုပ်လျက်ရှိပြီး လာမည့် ဇူလိုင် လလယ်ခန့်တွင် သင်္ဘောတည်ဆောက်ရန် လုပ်ငန်းအပ်နှံသည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံ လွှဲပြောင်းပေးအပ်ဖြစ် မည်။
မြန်မာ့သင်္ဘောကျင်းလုပ်ငန်းဟူ၍ ၂၀၁၅ ခုနှစ် မတိုင်မီက အစိုးရ လက်အောက်တွင် ရပ်တည်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် သင်္ဘောကျင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဗီယက်နမ် ကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်း ခဲ့ကြောင်း သိရသည်။ ထိုအချိန်မှစ၍ Myanma Shipyards -AMECC Joint Venture Company Limited အဖြစ် အမည်ပြောင်းလဲ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ – ထိန်လင်း

Tags